ကျတော်တို့ လောကကြီးတွင် ရှည်လျားကြာမြင်စွာ တည်ရှိခဲ့သည့် အယူဝါဒ ထုံးတမ်းစဉ်လာတို့ကြောင့် ဓမ္မအမည် နာမဖြင့် အယူဝါဒ ကွဲလွဲမူ့ အခွံအကာများ ရှိနေခဲ့ကြသည်။ ဒီအခွံအကာများနှင့် ကင်းလွတ်၍ ဓမ္မစစ် ဓမ္မမှန်ရဲ့ အနှစ်သာရကို လက်ခံကျင့်သုံးသင့်သည်။ ဓမ္မနာမည်ခံ အယူဝါဒ အခွံအကာများသည် အကျိုးမဲ့ကိုသာ ပြုတတ်သည် အချည်းနှီး အလဟသလျှင် ဖြစ်တယ် ဒါကြောင့် အနှစ်သာရရှိသော ဓမ္မအစစ်အမှန်ကိုသာ ကျင့်သုံးမှသာ သုခချမ်းသာ ရရှိနိုင်ပေသည်။
ဓမ္မစစ် ဓမ္မမှန်၏ အနှစ်သာရသည် သီလဖြစ်သည်။ ကျင့်ဝတ်ဖြစ်သည်။ ကာယကံ၊ ၀စီကံ၊ မနှောကံ စသော ကိုယ်နှုတ်စိတ် တို့ဖြင့် ပြုလုပ်သော မကောင်းမူ့မှန်သမျှကို ရှောင်ကျဉ်ခြင်း ဖြစ်သည်။ ကိုယ့်နှင့်ပြုလုပ်သော မကောင်းမူ့ ၊ နှုတ်ဖြင့် ပြုလုပ်သော မကောင်းမူ့တို့ကို ကျူးလွန် ပြုလုပ်နေရင် စိတ်နှလုံး ညစ်ညမ်းမူ့၊ ဖောက်ပြန်မူ့များသည် တိုးပွား၍သာ နေပါမည် ဘာကြောင့်လဲဆိုတော့ ပြုလုပ်သော မကောင်းမူ့မှန်သမျှ ညစ်ညမ်းသော စိတ်နှလုံးဖြင့်သာလျှင် ပြုလုပ်သောကြောင့် ဖြစ်သည် ။ ညစ်ညမ်းသော စိတ်မရှိပဲ ညှဉ်းဆဲ သတ်ဖြတ်ခြင်း၊ ခိုးဝှက်ခြင်း၊ ဗလက္ကာရပြုခြင်း၊ လိမ်ညှာခြင်း ညစ်ညှမ်းသော စကားတို့ကို ဆိုခြင်း ၊ မူးရစ်သောက်စားခြင်း တို့ကို ပြုလုပ်၍ မရနိုင်ပါဘူး။ ဒီလို ကိုယ် ၊ နှုတ်၊ စိတ် တို့နဲ့ ပြုလုပ်သော မကောင်းမူ့မှန်သမျှသည် စိတ်နှလုံးရဲ့ အညစ်အကြေးများကို တိုးပွားလာစေသည်သာ ဖြစ်သည်။ စိတ်နှလုံး၏ အညစ်အကြေးမှန်သမျှသည် ကျွန်ုပ်တို့အား ဆင်းရဲဒုက္ခရောက်အောင် လုပ်မည်သာဖြစ်သည်။ ချမ်းသာသုခနှင့် ပြည့်ဝအောင် လုပ်မည်မဟုတ်ပေ။ ထို့ကြောင့် လောကီလူသားများ အနေနှင့် အနည်းဆုံး ငါးပါးသီလ မှစပြီး ရှစ်ပါးသီလ၊ ဆယ်ပါးသီလတို့ ကို စောင့်ထိန်းသင့်ပါသည်။
ဓမ္မစစ် ဓမ္မမှန်၏ အနှစ်သာရသည် သမာဓိဖြစ်သည်။ စိတ်ကူးယဉ်မူ့ ကင်းသည့် ယထာဘူတကျသော အာရုံ၏ အကူအညီဖြင့် စိတ်ကို တည်ငြိမ်အောင် ထားခြင်းသည် သမာဓိဖြစ်သည် တစ်နည်းဆိုရသော တွေ့ကြုံခံစားရသမျှသော ကောင်းခြင်း၊ ဆိုးခြင်း များကို တုန်လှုပ်ခြင်းမရှိ မယိမ်မယိုင်သော မဇ္စိုမ ပဋိပဒါ စိတ်ဖြစ်သည်။ တည်ငြိမ်မူ့ကင်းသော စိတ်သည် စိတ်ကူးယဉ်ခြင်း၊ လိုချင်တောင့်တခြင်း၊ ရရှိပြီးသော အရာအတွက် စိုးရိမ်ကြောင့်ကြခြင်း များကို အခြေခံလျက် စိတ်သည်လည်း ညစ်ညမ်း၍သာ နေပါတော့သည်။ ညစ်ညမ်းသော စိတ်သည် ကျွန်ုပ်တို့အား ဆင်းရဲ ဒုက္ခရောက်စေပါသည်။ ချမ်းသာသုခကို မပေးစွမ်းနိုင်ပါ။
ဓမ္မစစ် ဓမ္မမှန်၏ အနှစ်သာရသည် ပညာ ဖြစ်သည်။ လူနေမူ့ဘ၀စရိုက်များရဲ့ အပြုအမူတို့တွင် တွေ့ရသော ဗဟိဒ္ဓအာရုံများနှင့် မိမိ၏ အဇ္စုတ္တ သန္တာန်တွင်းက စိတ်အခြေအနေတို့ကို ယထာဘူတကျစွာဖြင့် သဘာဝအတိုင်း သိမြင် သဘောပေါက်နေခြင်းသည်၎င်း၊ ယင်းအရာများနှင့် စပ်ဆက်မူ့ ရှိအောင် မလုပ်ပဲ သံယောဇဉ် အမျှင် ပြတ်နေခြင်းသည် ၄င်း၊ ပညာဖြစ်ပါသည်။ လောဘ၊ ဒေါသ၊ မောဟ တို့နှင် ၄င်းတို့ကြောင့် ဖြစ်ပေါ်လာသော သံယောဇဉ်အမျှင်များသည် စိတ်နှလုံး အညစ်အကြေးများသာဖြစ်ပါသည်။ ပညာသည် ယင်းသံယောဇဉ် အညစ်အကြေးများကို ဖယ်ရှားပစ်လေသည်။ စိတ်နှလုံးတွင် အညစ်အကြေးများရှိနေလျှင် ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခရောက်မည်သာ ဖြစ်ပါတယ် ချမ်းသာသုခ ရှိလာမည် မဟုတ်ပါဘူး။
ဓမ္မစစ် ဓမ္မမှန်ကို အနှစ်ချုပ်လိုက်ရင်တော့ သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ သိက္ခာ သုံးရပ်ရပါတယ် ဒါကြောင့် သီလ၊ သမာဓိ၊ ပညာ တို့ကို အလေ့အကျင့် ပြုလုပ်သည့် အပြုအမူတိုင်းသည် ဓမ္မစစ် ဓမ္မမှန်ကို ကျင့်သုံးနေခြင်း ဖြစ်ပါသည်။ ချမ်းသာသုခကို ရအောင် ပြုလုပ်သည် အကျင့်အကြံ ပြုမူမူ့ ပင်ဖြစ်ပါတယ်။ ဒါကြောင့် သီလကို မတည်မြဲစေသည့် ၊ သမ္မာ သမာဓိကို မဖြစ်ပေါ်စေသည့် ၊ ပညာ မပေါ်ပေါက်စေသည့် အစဉ်အလာအရ အယူဝါဒများကို ဓမ္မအပြုအမူဟူ၍ မည်မျှပင် သမုတ်ထားစေကာမူ ဓမ္မ၏ အခွံအကာများသာဖြစ်ပါသည် ဓမ္မအကြောင်းပြနှင့် လှည့်စားနေသော ထုံးတမ်းစဉ်လာ၏ ပြုမူဆောင်ရွက်ချက်များပင် ဖြစ်သည်။ ဒါတွေဟာ အမှန်တကယ်တော့ ဓမ္မစစ် ဓမ္မမှန်ရဲ့ အနှစ်သာရမှ ဝေးရာသို့ ဆောင်ကြဉ်း သွားစေပါသည်။
ဖော်ပြခဲ့သော အချည်းနှီး အလဟသ ဖြစ်သည့် ဗဟိဒ္ဓအမူအကျင့်များ၊ အခွံအကာ ဖြစ်သော အယူဝါဒများ၏ အပြုအမူများ၊ အနှစ်သာရမဲ့ ဓလေ့ထုံးစံများ၊ လူကြားကောင်းအောင် လူမြင်ကောင်းအောင် ပြုလုပ်သည့် အယောင်ဆောင် အပြုအမူများ၊ ပကာသန ဖြစ်သော အရာဝတ္ထု ပစ္စည်းများ၊ ဥစ္စာဓန ကြွယ်ဝသည် ဟူသော အခြောက်တိုက် ဘ၀မြင့်မူ့မျူားသည် အကာအတိသာလျှင် ဖြစ်သည် မိမိနှင့် သူတစ်ပါး ဆင်းရဲစေသော အကြောင်းများပင် ဖြစ်ပါသည် ။ ဒါကြောင့် မိမိရော သူတစ်ပါးရော ချမ်းသာ သုခအတွက် ဓမ္မ၏ အနှစ်သာရကို ယူပြီး အနှစ်မဟုတ်သော အကာကိုမူ စွန့်ပစ်သင့်ပါသည်။ ဓမ္မ၏ အနှစ်သာရကို ကျင့်သုံးမည်ဆိုပါက ဓမ္မကို ဂဃနဏ သဘော ပေါက်ထားသင့်သည် ဓမ္မ၏ အနှစ်သာရကို သိရှိအောင် လုပ်သင့်သည် သို့မဟုတ်ပါက အတွင်းသား အနှစ်သာရကို စွန့်ပစ်ပြီး အခွံအကာနှင့်သာလျှင် လုံးချာလိုက်နေလိမ့်မည်။ အခွံအကာကို အနှစ်သာရအောက်မေ့ပြီး ဓမ္မဟု ထင်နေတတ်ပါမည်။ အနှစ်သာရသည် အခါခပ်သိမ်း တူညီမူ့ရှိသည် အခွံအကာ များမှာမူ အမျိုးမျိုးအစားအစား ကွဲပြားခြားနားနေတတ်ပါသည်။ ယင်းအခွံအကာများကို ဓမ္မဟုမှတ်ထင်အောက်မေ့မူ့တွင်လည်း ဓမ္မသည် အမျိုးမျိုး ကွဲပြားသွားရပါသည်။ ဟိန္ဒူတို့၏ ဓမ္မတွင် သနာတနနှင့် အာရယဆမာ့ဂ်ျ ဟူ၍ ရှိနေသည်။ ဗုဒ္ဓဘာသာတို့၏ ဓမ္မတွင် မဟာယနှနှင့် ဟိနယာနဟူ၍ ရှိနေသည်။ ဂျိန်းတို့တွင်လည်း ဒိဂမ္ဗရနှင့် ရွေတမ္ဗရဟူ၍ ရှိသည်။ ခရစ်ယာန်တို့၏ ဓမ္မတွင်လည်း ကက်သလစ်နှင့် မရိုတက်စတင်း ဟူ၍ ရှိသည်။ မွတ်စလင် တို့၏ ဓမ္မတွင်လည်း ရှိယာ၊ ဆုန်နီ ဟူ၍ရှိသည် ဒါတွေဟာ တစ်ခုနှင့်တစ်ခု ကွဲပြားခြားနာနေသည်သာ မက ပဋိပက္ခပင် ဖြစ်နေကြသေးသည်။ အနှစ်သာရမဲ့သည့် အခွံအကာများကို ဦးစားပေးနေကြသည်ဖြစ်သောကြောင့် ဤသို့ ကွဲပြား ခြားနားနေကြခြင်း ဖြစ်ပါသည် အခွံအကာများကို အကြောင်းပြုပြီး ပဋိပက္ခ ဖြစ်နေကြခြင်း ဖြစ်ပါသည်။
သို့ပါ၍ မိတ်ဆွေများ အားလုံး ဓမ္မ၏ အမည်ခံ အခွံအကာများမှ ကင်းဝေးပြီး ဓမ္မစစ် ဓမ္မမှန် များကို တွေ့ရှိနိုင်ကြပါစေခြင်း အကျိုးငှား ရည်ရွယ်ပြီး ဒီပိုစ့်ကို တင်ပြလိုက်ခြင်း ဖြစ်ပါသည်။ တရားစစ်တရားမှန်နှင့် ချမ်းသာ အစစ်ဖြစ်သော သန္တိသုခကို တွေ့ရှိနိုင်ကြပါစေ..........။
1 ယောက်ဒီလိုပြောသွားတယ်:
ဒါမျိုးလေးတွေ များများရေးပေးပါဗျာ။
Post a Comment