ပညတ် အဟုတ်မရှိသော်လည်း အဟုတ်တကယ် ရှိသလို၊ လောကသင်္ကေတအမှတ်ဖြင့် ခေါ်ဝေါ်နေကြတဲ့ သဘောဟာ ပညတ်ဖြစ်ပါတယ်။ လူမျိုးအလိုက်၊ ဒေသအလိုက် ခေါ်ဝေါ်ပြောဆိုနေကြတဲ့ အမည်နာမများဟာ လိမ်လည်လှည့်ပတ်ခြင်း မဟုတ်လို့ မုသာဝါးဒ မဖြစ် အကုသိုလ်ကျူးလွန်ရာည်း မရောက်ပါဘူး လောကီအလိုက်မှန်ကန်နေခြင်းကြောင့် သမုတိသစ္စာ သတ်မှတ်ထားသောအမှန်တရားဖြစ်ပါတယ်။ ပညတ်ဆိုတဲ့ သမုတိသစ္စာနယ်မှာ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ လူ၊ နတ်၊ ဗြဟ္မာ၊ အတ္တ၊ ဇီဝ ခွေး၊ကြောင်၊ ကြက်၊ ငှက် စသဖြင့် ခေါ်ဆို သုံးစွဲကြပါတယ်။ လူမှာဆိုရင်လဲ ခေါင်း၊ ခြေ၊ လက် ဆိုပြီ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အနေနဲ့လည်း ခေါ်ကြပါတယ်။ အသုံးအဆောင် ပစ္စည်းမှာဆိုရင်လဲ ကား၊ အိမ်၊ စသဖြင့် ခေါ်ဝေါ်သုံးစွဲကြပါတယ်။ ပညတ်ဆိုတဲ့ အမည်နာမ အခေါ်အဝေါ်တွေဟာ လူမျိုးအလိုက်၊ ဒေသအလိုက်၊ ဘယ်လောက်ပဲ အမည်တွေသတ်မှတ်ပေမယ့်၊ အဟုတ်အမှန်ရှိတဲ့ သဘောမျိုးမဟုတ်ပါဘူး။ ဥပမာ လူကိုဆိုရင်တောင်မှ လူမျိုးအလိုက် အခေါ်အဝေါ်မတူညီကြပါဘူး ဆိုင်ရာလူမျိုးနားလည်အောင် သတ်မှတ်ထားတဲ့ ဝေါဟာရနဲ့သာလျှင် ခေါ်ဆိုကြပါတယ်။ တစ်ခြားပစ္စည်းများ ဤကဲ့သိုသာလျှင် ဖြစ်ပါတယ်။ ဗုဒ္ဓအဘိဓမ္မအရ အမှန်စင်စစ် အရှိတရားက ခန္ဓာငါးပါးဖြစ်တဲ့ ရုပ်နာမ်အစုသာလျှင် ဖြစ်ပါတယ်။ ရုပ်နာမ်တရားစုဟာ ခဏမစဲ တသဲသဲ အဟောင်းအသစ် ပြောင်းလဲ ချုပ်ပျောက်ပြိး အစားထိုးနေကြပါတယ်။ ဘယ်လူမျိုးဖြစ်ဖြစ်၊ ဘယ်သတ္တ၀ါဖြစ်ဖြစ်၊ ဘယ်တိရိစ္ဆာန်ဖြစ်ဖြစ်၊ ၃၁ ဘုံမှာ ကျင်လည်နေကြတဲ့ အားလုံးဟာ ရုပ်နာမ်အစုက မလွတ်ပါဘူး အားလုံးဟာ ခန္ဓာငါးပါးထဲမှာပဲ အကျုံးဝင်နေပါတယ်။ ဒါကြောင့် ပရမတ်ဆိုတာကတော့ '' ၀ိဇ္ဇာမာနေန ပရမောအတ္တော ပရမတ္တော'' လို့ ဆရာကြီးများရဲ့ ၀ိဂြိုလ်အရ အဟုတ်ရှိ၊ တကယ်ရှိ အမှန်ရှိခြင်းကြောင့် မြတ်သည်ဟုဆိုရတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။ တစ်နည်းဆိုရသော '' ပရမော ဥတ္တမော အ၀ိပရိတောအတ္တော ပရမတ္တော'' လို့ ဋီကာကျော်ဆရာများ၏ အလိုအရ ဖောက်ပြန်ပြောင်းလဲခြင်းမရှိ၊ မဖောက်မပြန်မြတ်သော သဘောရှိခြင်းကြောင့် ပရမတ်လို့ ခေါ်ပါတယ် ဒီလို မဖောက်မပြန် မှန်တဲ့ သဘောရှိလို့ ပရမတ္ထသစ္စာ မပြောင်းလဲသော အမှန်တရားလို့ ခေါ်ပါတယ်။
ပရမတ် (၄) မျိုးရှိပါတယ်
၁။ စိတ် ဆိုတဲ့ အာရုံကို ကြံတတ်၊ သိတတ်သောသဘော။
၂။ စေသသိက် ဆိုတဲ့ စိတ်နှင့်အတူတကွ ယှဉ်ဖော်ယှဉ်ဖက်၊ ဖြစ်လျှင်အတူတူ ပျက်လျှင် အတူတူပျက်တဲ့သဘော။
၃။ ရုပ်ဆိုတဲ့ အပူ၊ အအေးကြောင့် အခြေအနေဖောက်ပြန် ပြောင်းလဲမူ့ရှိတတ်သော သဘောမျိုး၊ အာရုံကိုကြံတတ် သိတတ်တဲ့ သဘောမျိုးမရှိပါ။
၎။ နိဗ္ဗာန် ဆိုတဲ့ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းချင်းသဘော၊ နိဗ္ဗာန်မှာ ဘုံနန်းပြသာဒ်မရှိ၊ စိတ်၊ စေသသိတ်၊ ရုပ်တွေမရှိ တစ်နည်း ဆိုရရင် ခန္ဓာငါးပါးမရှိ၊ ခန္ဓာငါးပါးမရှိခြင်းကြောင့် ''ဝေဒယိတသုခ'' ဆိုတဲ့ ခံစားမူ့မရှိ '' သန္တိသုခ'' ဆိုတဲ့ ငြိမ်းချမ်းမူ့သာ ရှိပါတယ်။
ခန္ဓာငါးပါးမှာလဲ သင်္ခတ၊ အသင်္ခတ ပရမတ် (၂)မျိုး ရှိပါတယ်
၁။ သင်္ခတပရမတ်
သင်္ခတပရမတ်ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အဟာရ ဆိုတဲ့ အကြောင်းလေးပါးတို့ရဲ့ ပြုပြင်စီမံမူ့မှ မလွတ်ကင်းသေးသော ရုပ်တရား၊ နာမ်တရားတို့ကို ဆိုလိုပါတယ် တစ်နည်းဆိုရသော် ခန္ဓာငါးပါးဖြစ်ပါတယ် သင်္ခတနယ်အတွင်းမှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တသာ ရှိပါတယ် ဖြစ်မူ့နဲ့ ပျက်မူ့ပဲ ရှိတယ်။ ပုဂ္ဂိုလ်၊ သတ္တ၀ါ၊ ယောက်ျား၊ မိန်းမ မရှိပါ ဒါကြောင့် မြတ်စွာဘုရားရှင်က ရုပ်နာမ်ဆိုတဲ့ လောကကို သုညတ (သို့) သုည လို့ ပဋိသမ္ဘိဒါမဂ် ပါဋ္ဌိတော်မှာ အောက်ပါအတိုင်း ဟောကြားတော်မူခဲ့ပါတယ်
ရှင်အာနန္ဒာ အမေး ။ ။ ''သုညလောကော သညောလောကာတိ ဘန္တေ ၀ုစ္စတိ ကိတ္တတော နခေါဘန္တေ သုညော လောကောတိ ၀ုစ္စတိ'' ရုပ်နာမ် ၂ ပါးဆိုတဲ့ လောကကြီးကို သုညတ(၀ါ)သုညလို့ ဟောတော်မူပါတယ်။ ဘယ်လို အကြောင်းကြေူာင့် သုညတ(၀ါ) သုညလို့ အရှင်ဘုရားဟောတော်မူပါသလဲ။
ဗုဒ္ဓအဖြေ ။ ။ ''ယသ္မာစခေါ အာနန္ဒာ သုညမိဒံအတ္တေန ၀ါ အတ္တနိယေန ၀ါ တသ္မာ သညော လောကောတိ ၀ုစ္စတိ'' ချစ်သား အာနန္ဒာ ရုပ်ဆိုတဲ့ လောကကြီးမှာ အတ္တ ဆိုတဲ့ ပုဂ္ဂိုလ် သတ္တ၀ါ၊ ငါ၊ သူတစ်ပါး၊ ယောက်ျား၊ မိန်းမ၊ အသက်၊ လိပ်ပြာ၊ မရှိပါဘူး။ အတ္တမရှိတဲ့ အတွက် အတ္တနိယ ဆိုတဲ့ ငါပိုင်သော ပစ္စည်း မဟုတ် ဒါကြောင့် ရုပ်နာမ်ဆိုတဲ့ လောကကြီးကို သုညတ (၀ါ) သုညလို့ ငါဘုရား ဟောတော်မူတယ်။ `
ဒါကြောင့် ပညတ်ဆိုတဲ့ အမည်နာမ အခေါ်အဝေါ်တွေဟာ အဟုတ်အမှန်တကယ် ရှိတဲ့ဘဘောမျိုးမဟုတ်ဘူး တကယ်အမှန်ရှိတာ ခန္ဓာငါးပါးဆိုတဲ့ ရုပ်နာမ် နှစ်မျိုးသာ ဖြစ်တယ် ဒါကို ထပ်ချုံ့လိုက်ရင် အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ လက္ခဏာရေး သုံးပါးပဲ ရပါတယ် ဒီလက္ခဏာရေး သုံးပါးကိုပဲ ထပ်ချုံ့မယ်ဆိုရင် ဖြစ်မူ့နဲ့ ပျက်မူ့ နှစ်ပါးပဲရပါတယ်။ ဒီဖြစ်ပျက်ကို ထပ်ချုံ့မယ်ဆိုရင် သုညတ ဆိုတဲ့ သုည တစ်လုံးပဲ ရပါတယ်။
၂။အသင်္ခတပရမတ်
အသင်္ခတပရမတ်ဆိုတာ ကံ၊ စိတ်၊ ဥတု၊ အဟာရ၊ အကြောင်းတရား ၄ ပါးတို့ရဲ့ ပြုပြင်စီရင်မူ့ ကင်းလွတ်ပြီး ရုပ်တရား၊ နာမ်တရား ခန္ဓာငါးပါး၊ အကြွင်းမဲ့ ချူပ်ငြိမ်းမူ့ ရုတ်သိမ်းသွားတဲ့ သဘောဖြစ်ပါတယ်။ ဒီခန္ဓာငါးပါး ချုပ်ငြိမ်း ရုတ်သိမ်းသွားတဲ့အတွက် ဖြစ်မူ့ ပျက်မူ့မရှိ ခံစားမူ့ ဝေဒယိတသုခမျိုးလည်းမရှိ အေးချမ်းမူ့ သန္တိသုခ သာ ရှိပါတယ်။ ထိုအေးချမ်းမူ့ သန္တိသခု အမြဲရှိခြင်းကြောင့် နိဗ္ဗာန်လို့ ဆိုရပါတယ် ထိုငြိမ်းချမ်းမူ့ သန္တိသုခ ရှိသော်လည်းပဲ ခံစားတဲ့ ပရိနိဗ္ဗူ ပုဂ္ဂိုလ်ဟူ၍မရှိ အနတ္တ သာဖြစ်ပါတယ် ဒါကြောင့် နိဗ္ဗာန်ကို သုညတ လို့ ဆိုပါတယ် တစ်နည်းအားဖြင့် အသင်္ခတနယ်မှာ သုည တစ်လုံးသာဖြစ်ပေါ်လာတယ်လို့ ဆိုနိုင်ပါတယ်။ ဤကဲ့သို့ သင်္ခတပရမတ်နယ်မှာ သုညတစ်လုံး၊ အသင်္ခတနယ်မှာ သုညတစ်လုံး ပေါင်းသုည နှစ်လုံးပေါ်လာအောင် ညဏ်ရောက်ရင် ၀ိပဿနာ ကိစ္စ ပေါက်မြောက်ပြီလို့ ဆိုနိုင်ပါတယ်.....။
0 ယောက်ဒီလိုပြောသွားတယ်:
Post a Comment